slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, March 21, 2016

အနေကုပ်ပေမယ့် ရွှေထုပ်တဲ့ မြပ၀ါ သို့မဟုတ် ပဟေဠိလူသား နိုင်ငံတော်သမ္မတ

သူသည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီခရီးတလျှောက် လူယုံတော်အဖြစ် နှစ်ပေါင်းများစွာ လူမသိသူမသိနေထိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အားပေးထောက်ခံမှုဖြင့် မတ်လ ၁၅ ရက်နေ့က သူ နိုင်ငံတော်သမ္မတဖြစ်လာခဲ့ပြီ။
ဦထင်ကျော်သည် စကားပြောနူးညံ့သိမ်မွေ့သူဖြစ်ပြီး ကဗျာစာပေ ချစ်မြတ်နိုးသူဖြစ်သည်။ မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးပေါင်းပါဝင်ရန် အစိုးရ၀န်ထမ်းဘ၀မှ အနားယူခဲ့သည်မှာဆယ်စုနှစ်အချို့ပင် ကြာညောင်းခဲ့ပြီ။ အဆိုပါ လမ်းခရီး၏လမ်းခုလတ်တွင် ဦးထင်ကျော်သည် အခြားသော ဒီမိုကရေစီ အရေးလှုပ်ရှားသူများနည်းတူ ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။
ပြီးခဲ့သောသီတင်းပတ်အထိ ဦးထင်ကျော်ဆိုသော အမည်နာမသည် ပြည်ပအသိုင်းအ၀ိုင်းများမဆိုထားနှင့်
မြန်မာနိုင်ငံတွင်ပင် လူသိများသော လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားသော နာမည်မဟုတ်ချေ။ ထိုသို့ လူသိနည်းသူဦးထင်ကျော်အနေဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်ကျော်ကာလအတွင်း ပထမဆုံးဒီမိုကရေစီနည်းကျ ရွေးကောက်ခြင်းခံရသောအစိုးရအဖွဲ့၏ ဥသျှောင်၊ နိုင်ငံတော်သမ္မတဖြစ်လာမည်ဟု မည်သူကမျှ တွေးထင်မထားခဲ့ပေ။

၂၀၁၅ နိုဝင်ဘာ ၈ ရွေးကောက်ပွဲအနိုင်ရရှိရေး မမောတမ်းမပမ်းတမ်း ကြိုးပမ်းခဲ့သူ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုသည် ဖွဲ့စည်းပုံအခြခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကြောင့် နိုင်ငံတော်သမ္မတဖြစ်ခွင့် မရသည့်အခြေအနေတွင် သူမအတွက် ယုံကြည်စိတ်ချရသူနှင့် အနီးကပ် အကြံပေးတဦးဖြစ်သူ ဦးထင်ကျော်ကို သမ္မတတင်မြှောက်ခဲ့သည်။ အသက် (၇၀) ရှိပြီဖြစ်သော ဦးထင်ကျော်သည် ဂန္တ၀င်ကဗျာဆရာကြီး မင်းသုဝဏ်၏ သားဖြစ်ပြီး NLD ပါတီ စတင်တည်ထောင်သူတဦးဖြစ်သူ ဦးလွင်၏ သမက်လည်း ဖြစ်သည်။ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်ကဒဂုံ (၁) အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သူများဖြစ်ပြီး မိသားစုချင်းလည်း ရင်းနှီးမှုရှိကြောင်းသိရသည်။ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၁၉၉၂ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တောက်လျှောက် လိုက်ပါခဲ့သူဖြစ်သည်။
သို့နှင့်တိုင် အနေအေးသူတဦးဖြစ်သည့်အတွက် ပြီးခဲ့သောသီတင်းပတ်တွင် ပြည်သူ့လွှတ်တော်က ဦးထင်ကျော်အား ဒုသမ္မတအဖြစ် တင်မြှောက်လိုက်သောအခါ ဦးထင်ကျော်အကြောင်း သတင်းအချက်အလက်ရှာဖွေသည့် ဂျာနယ်လစ်များပင် ခေါင်းခဲခဲ့ရသည်။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ် ချခံထားရသည့်ကာလများအတွင်း သူမ၏နေအိမ်တွင်ပြုလုပ်သော ဟောပြောပွဲများ၌ ဒေါ်အောင်ဆန်းစုကြည်နံဘေးတွင်ရှိနေခဲ့သည့် ပဟေဠိလူသားမှာ ဦးထင်ကျော်ပင်ဖြစ်သည်။
“သူကစကားနည်းတယ်။ စာပေချစ်မြတ်နိုးတယ်။ စကားပြောရင် အေးဆေးသိမ်မွေ့တယ်။ ကြင်နာတတ်တယ်၊ ရိုးသားတယ်။ စိတ်အားထက်သန်မှုရှိပြီး ဘ၀ကို ရိုးရိုးရှင်းရှင်းနေတယ်”ဟု ဦးထင်ကျော်နှင့် နှစ် ၂၀ ကျော် သိကျွမ်းသူတဦးဖြစ်သည့် ဦးဇော်မင်းကျော်ကပြောသည်။ ဦးဇော်မင်းကျော်သည် ဦးထင်ကျော်မှ ၎င်း၏ဖခင်ကြီးအကြောင်းရေးသည့် ‘အဘဘ၀ အဘအကြောင်း တစေ့တစောင်း’ စာအုပ်၏ ထုတ်ဝေသူလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်တင်မြှောက်သူတဦးဖြစ်သည့် ဦးထင်ကျော်အတွက် သမ္မတရွေးချယ်ပွဲတွင် သေချာပေါက် အောင်ပွဲဆွတ်ခူးမည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲသကဲ့သို့ပင်။ စုစုပေါင်းမဲပေသူ လွှတ်တော်ကိုယ်စားလှယ် ၆၅၂ ဦးရှိသည့်အနက် ဦးထင်ကျော်က မဲပေါင်း ၃၆၀ ဖြင့် မတ်လ ၁၅ ရက်နေ့က နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတတာဝန်ကို ဧပြီ ၁ ရက်နေ့တွင် စတင်ထမ်းဆောင်မည် ဖြစ်သည်။
“ဦးထင်ကျော်ဟာ သူမအတွက် ယုံကြည်စိတ်ချရဆုံးပုဂ္ဂိုလ်ဆိုတာ သိစေချင်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုရွေးချယ်ခဲ့တာပဲ။ ဒီလိုပုဂ္ဂိုလ်မျိုး တိုင်းပြည်ကိုဦးဆောင်မယ်ဆိုရင် လူထုအတွက် အကျိုးရှိမှာပါ”ဟု အသက် (၄၈) နှစ်အရွယ် ဦးဇော်မင်းကျော်က ပြောသည်။
ဦးထင်ကျော်သည် ၁၉၆၇ တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဘွဲ့၊ ၁၉၆၈ တွင် စီးပွားရေးမာစတာဘွဲ့ အသီးသီးရရှိခဲ့သည်။ ၁၉၇၀ တွင် ရန်ကုန်တက္ကသိုလ် ကွန်ပျုတာသိပ္ဗံဌာနသို့ ပြောင်းရွေ့ခဲ့ပြီး အင်္ဂလန်တွင် နှစ်နှစ်ခန့် ကွန်ပျုတာသိပ္ဗံလေ့လာဆည်းပူးခဲ့သည်။ ၁၉၇၅ ခုနှစ်အထိ ပရိုဂရမ်မာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် နိုင်ငံခြားစီးပွားဆက်ဆံရေးဌာန၌ ဒုတိယညွှန်မှူးအဖြစ် ၅ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုတွင်ပါဝင်ရန် ဌာနမှ အနားယူခဲ့သည်။ ယောက္ခမဖြစ်သူဦးလွင် နာမကျန်းဖြစ်သည့်အချိန်များတွင် ဦးထင်ကျော်မှ ဒေါ်အောင်ဆန်းစုကြည်အား ပါတီဌာနချုပ်သို့ ကားမောင်း လိုက်ပို့လေ့ရှိသည်။ ထိုသို့ဖြင့် ဦးထင်ကျော်သည် နိုင်ငံခြားရေးပေါ်လစီများ၊ ပြည်ပသံရုံးများ၊ အစိုးရများနှင့်ဆက်ဆံရေး စသည့်ကိစ္စရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးဖြစ်လာသည်။
၂၀၀၀ ပြည့်နှစ်က NLD ပါတီဝင်များ မန္တလေးသို့ စည်းရုံးရေးဆင်းမသွားမီ ရန်ကုန်ဘူတာကြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဖြစ်သည်။ ဦးထင်ကျော်မှ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်ဘူတာကြီးသို့ ကားဖြင့်လိုက်ပို့ပေးခဲ့သည်။ ဘူတာကြီးတွင် သက်ဆိုင်ရာမှ ရထားလက်မှတ် မရောင်းပေးသောကြောင့် အခြေအနေတင်းမာလာသည်။ ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်အား ဘူတာတွင် မထားရစ်ခဲ့ဘဲ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် အားလုံးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ် ထပ်မံချခံခဲ့ရသည်။ အခြားတက်ကြွလှုပ်ရှားသူ ၉ ဦး လည်း နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်တွင် လေးလအကျဉ်းချခံခဲ့ရသည်။ ယင်းမှာ သူ့ဘ၀တွင် အရေးပါသည့် အဖြစ်အပျက်တခုဟု ဆိုနိုင်သည်။
“ကျွန်တော်သိသလောက် အဲဒီမတိုင်ခင်နဲ့ ထောင်ကပြန်လွတ်လာတဲ့အချိန်အထိ သူ နိုင်ငံရေးမှာသိပ်ပြီး ထဲထဲဝင်ဝင် မပါသေးဘူး။ ပါတီမှာ အဓိကကျတဲ့နေရာ ရယူတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ကာလတွေတလျှောက်မှာ ပါတီကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပေးတဲ့ လူဖြစ်လာခဲ့တယ်”ဟု ဦးဇော်မင်းကျော်က ပြောသည်။
လက်ရှိတွင် ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည်။ သူသည် NLD ပါတီအတွင်းစည်းမှ ပုဂ္ဂိုလ်များ၏ ယုံကြည်အားထားရသူလည်း ဖြစ်သည်။
“အစိုးရ၀န်ထမ်းဘ၀က အနားယူပြီးနောက်ပိုင်းကစပြီး စာရေးစာဖတ်ခြင်းမှာ အချိန်တော်တော် ပေးလာတယ်”ဟု ၎င်းက ပြောသည်။
ဥက္ကာဦး
Ref ; Bangkok Post
ဆောင်းပါးကောင်းများ's photo.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...