မပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကိုဝင်ရောက်နေရတယ်ဆိုရင် အောက်ပါအတိုင်း သဘောထားပေးဖို့ အကြံပေးလိုက်ချင်ပါတယ်။ ဒါဆိုရင် သင်ဟာ လုပ်ငန်းခွင်မှာ ပျော်ရွှင်လာပြီး ကိုယ့်ရဲ့ ပုံမှန်ဝင်ငွေတစ်ခုကို အောင်မြင်စွာ ဆက်ထိန်းထားနိုင်ပါလိမ့်မယ်။
(၁) အကောင်းမြင်စွာနဲ့ အာရုံစိုက်လုပ်ဆောင်ပါ
ကိုယ်မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရသူတွေ တော်တော်များများက ကိုယ့်ကို ကိစ္စရပ်တစ်ခု ခိုင်းလိုက်ပြီဆိုရင် ဘယ်တော့မှ အကောင်းမမြင်ကြပါဘူး။ အရေးမပါတာတွေ လုပ်နေရတယ်လို့ တွေးတတ်ပါတယ်။ ဒီအတွေးကို ဦးစွာ ဖျောက်ဖို့ လိုပြီး မိမိလုပ်ပေးလိုက်တဲ့ ကိစ္စလေးတစ်ခုဟာ ဒီလုပ်ငန်းမှာ ဘယ်လောက်အထိ သက်ရောက်မှုရှိရှိနဲ့ အကျိုးပြုမလဲဆိုတာကိုသာ စဉ်းစားပါ။
(၂) ရလာဒ်ကောင်းအောင် အားထုတ်ပါ
များသောအားဖြင့်တော့ မလုပ်ချင်တဲ့အလုပ်ကို လုပ်ရတဲ့အခါ စိတ်ပါဝင်စားမှု နည်းတတ်ပါတယ်။ ဒီတော့ စွမ်းဆောင်ရည် ကျဆင်းတတ်ပြီး သူဌေး(သို့)တာဝန်ရှိသူက ဒီလူ ရေသာခိုသလား၊ ပျင်းသလားဆိုပြီး အထင်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ့်တာဝန် ကိုယ်ကျေအောင် ထမ်းဆောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားဖို့ လိုပါတယ်။
(၃) အားလပ်ချိန်မှာ ပျော်စရာရှာပါ
လုပ်ငန်းခွင် အားလပ်ချိန်မှာ ပျော်စရာကို ရှာကြံတတ်ပါစေ။ ဒါဟာ လုပ်ငန်းခွင် ဖိအားတွေကို ဖြေလျှော့ပေးတဲ့ အကောင်းဆုံး နည်းလမ်းတွေ ဖြစ်ပါတယ်။ လုပ်ငန်းလုပ်နေစဉ်မှာလည်း နားချိန်လို အချိန်မျိုးမှာ ပျော်စရာ ရှာကြံတတ်သူတွေ တော်တော်များများဟာ အလုပ်မြဲလေ့ရှိပါတယ်။
(၄) ပြန်လှန်လေ့ကျင့်ပါ
လုပ်ငန်းခွင် မပျော်ဘူးဆိုတဲ့ သူတွေထဲမှာ အများဆုံး ပါဝင်ကြသူတွေကတော့ လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှု မရှိသူ၊ ကျွမ်းပေမယ့်လည်း ဒီထက် ပိုသာတဲ့ အတတ်ပညာ တက်ထားသူတွေ ဖြစ်တတ်ပါတယ်။ အင်ဂျင်နီယာကို ရုံးကိစ္စလုပ်ခိုင်းတာမျိုးဟာ အမြှီးအမောက်မတည့်ပေမယ့် အခြေအနေအရ လုပ်ပေးနိုင်ဖို့ ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုတောင်မှ အရည်အချင်း ပြည့်ဝနေအောင် ပြန်လှန်လေ့ကျင့်တဲ့ သဘောမျိုး လုပ်ပေးရပါမယ်။
No comments:
Post a Comment