slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, May 12, 2014

လားရှိုးမြို့​ပေါ်တွင်​ မူးယစ်​​ဆေးဝါးများ​ပေါ်​ပေါ်တင်​တင်​သုံးစွဲ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ပေါ် ရပ်ကွက်အချို့၏ လမ်းများပေါ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေကြရာ ယခုလပိုင်းအတွင်း လူဦးရေ ပိုမိုများပြားလာပြီး ယင်းအနက် အမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောကြားသည်။

ရပ်ကွက် (၅) ဘုံကျောင်းအနီး လမ်းကြားများနှင့် ရပ်ကွက် (၈) သာသနာ ၂၅၀၀ ဘုရားတောင် အတက်အဆင်း လမ်းဘေးများတွင် မူးယစ်ဆေးဝါး ရောင်းချသူများက တစ်ခါသုံး ဆေးထိုးပြွန်များအတွင်း အသင့်ဖျော်စပ်ပြီး ဖြစ်သော မူးယစ်ဆေးဝါးများအား လူငယ်များ၏ အကြောအတွင်း ထိုးသွင်းပေးပြီး ရောင်းချသုံးစွဲမှုများ ပြုလုပ်နေကြခြင်းကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောဆိုသည်။

“ဘုံကျောင်းလမ်းဘေးက ခေါက်ဆွဲဆိုင်တွေဟာ သူတို့ရဲ့ ဆုံရပ်တွေပဲ။ အဲဒီမှာ ဆုံပြီးမှ လမ်းကြားထဲကို သွားပြီး ရောင်းဝယ် သုံးစွဲကြတာ” ဟု လမ်းကြားအနီး နေထိုင်သူတစ်ဦးက ရှင်းပြသည်။


သုံးစွဲသူများထဲတွင် အမျိုးသမီးငယ်များလည်း ပါဝင်ပြီး ယင်းလမ်းကြားများကို ချစ်သူလမ်းကြားဟု မူးယစ်ဆေး သုံးစွဲသူများက အမည်ပေးထားကြောင်း၊ လမ်းပေါ်တွင် စွန့်ပစ်ထားသော ဆေးထိုးအပ် များကြောင့် ယင်းလမ်းကြားအနီးရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကလေးသူငယ်များနှင့် ဖြတ်သန်း သွားလာသူများအတွက် အန္တရာယ် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အဲဒီနားက ဖြတ်သွားရင် သူတို့ကို ကျွန်တော်တို့ မကြည့်ရဲဘူး။ သူတို့က လူသုံးလေးဆယ် ဝန်းကျင်လောက် ရှိနေတော့ ကိုယ့်ကို အန္တရာယ် ပြုလာမှာလည်း ကြောက်ရတယ်” ဟု ဘုံကျောင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

ရပ်ကွက် (၈) သာသနာ (၂၅၀၀) ဘုရား အတက်အဆင်း လမ်းဘေး၌ လူသူပြတ်လပ်သည့် နေ့ခင်းပိုင်း အချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများသာမက ပြည့်တန်ဆာများ ခေါ်ယူလာပြီး ပျော်ပါးမှုများကိုပါ ပြုလုပ်ကြပြီး ယင်းနေရာတွင် ဆေးထိုးအပ်၊ ဆေးထိုးပြွန် အဟောင်းများ၊ ကွန်ဒုံးများပါ ပစ်ထားကြကြောင်း ယင်းလမ်းအနီးရှိ နေထိုင်သူများထံမှ သိရသည်။

“ကျွန်မတို့ အိမ်ပြတင်းပေါက်ကို ဖွင့်ပြီး အဲဒီဘက်ကို မကြည့်ရဲတော့ဘူး။ လုံးဝ အရှက်အကြောက်တရား ကင်းမဲ့တဲ့နေရာ ဖြစ်နေပြီ။ သာသနာ့ နယ်မြေမှာ ဒီလိုဖြစ်နေတာ ဝမ်းနည်းဖို့လည်း ကောင်းတယ်” ဟု ဘုရားတောင်ခြေအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေမှာ မူးယစ်အထူးတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ဖြင့် ရှာဖွေဖမ်းဆီးရေးများကို လုပ်ဆောင်နေပြီး မူးယစ်ဆေး ကင်းစင်ပပျောက်ရေး လုပ်ငန်းစဉ်တွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အရေးကြီးကြောင်း လားရှိုးမူးယစ် အထူးအဖွဲ့မှ ဒုတိယရဲမှူး သင်းအောင်က ဆိုသည်။

လမ်းမများတွင်ပါ မူးယစ်ဆေးဝါး ပေါ်ပေါ်တင်တင် သုံးစွဲလာမှုသည် လူငယ်များ အတုယူ လုပ်ဆောင်လာမည်ကို စိုးရိမ်ရသဖြင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း လားရှိုးဒေသခံ မိဘများက ပြောဆိုကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...