slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, March 9, 2016

ကိုယ့်ကိုကိုယ် ဘယ်လိုမြင်သလဲ

JOB seekers Journal ချစ်ပရိတ်သတ်ကြီးအတွက် ဒီတစ်ပတ် Journal မှာပါဝင်တဲ့ ဆရာဖူးကျော်ဇင်(Future Wave) ရေးသေားထားသော
ဆောင်းပါးလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်....
-
-
-
ဗစ်တာဆိုတဲ့ (၁၅) နှစ်အရွယ် လူငယ်တစ်ယောက်ကို သူ့ဆရာက “မင်းဟာ အလကားလူပဲ၊ မင်းဒီလိုပုံစံနဲ့ဆိုရင် ဘယ်တော့မှ ကျောင်းပြီးမှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပဲသူဟာ စိတ်ဓာတ်တွေကျပြီး
ကျောင်းကထွက်လိုက်ပါတယ်။ သူ့ဆရာကောက်ချက်ချခဲ့သလို သူ့ကိုယ်သူ အလကားလူ၊ အသုံးမကျတဲ့လူလို့မြင်နေခဲ့တယ်။ ဒီလိုနဲ့ပဲ သူဟာ(၁၇)နှစ်လုံးလုံး
ဟိုစပ်စပ်ဒီစပ်စပ်နဲ့အလကား လူလိုလုပ်နေခဲ့ပါတယ်။


သူ့အသက် (၃၂) နှစ်အရွယ်ရောက်တဲ့အခါမှာဆန်းစစ်ချက်အရ သူ့မှာဉာဏ်ရည်ပြကိန်း(၁၆၁) ရှိတာကိုသူသိလိုက်ရတယ်။ အလကားလူလို့ သူ့ကိုယ်သူအမြဲတမ်းမြင်နေတဲ့ဗစ်တာ ဘာဖြစ်သွားမယ်လို့ထင်ပါသလဲ။ သူဟာ သူ့ကိုယ်သူပါရမီရှင် တစ်ယောက်လိုပဲ မြင်ယောင်လာခဲ့ပါတယ်။ ဒီတော့သူဟာ တကယ့်ပါရမီရှင်တစ်ယောက်လို နေထိုင်တယ်။ လုပ်ဆောင်ပြုမူတယ်။
သူ့အမြင် စတင်ပြောင်းလဲသွားတဲ့အချိန်က စပြီးစာအုပ်ပေါင်းများစွာ
ကိုရေးတယ်။ တီထွင်မှုတွေကို ပြုလုပ်တယ်။ နှစ်အနည်းငယ်အတွင်းမှာ
အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့တယ်။
ကျောင်းမပြီးဘဲ၊ ကျောင်းထွက်ခဲ့ရတဲ့လူတစ်ယောက်က နောက်ဆုံးမှာ အများလေးစားအားကျရတဲ့ ပါရမီရှင် တစ်ယောက်၊ ထူးချွန်တဲ့လူတစ်ယောက်
ဖြစ်လာခဲ့တယ်။
သူ့ကိုယ်ထဲမှာ ထူးခြားတဲ့ စွမ်းရည်တွေ၊ ဉာဏ်ရည်တွေဆိုတာ နဂိုကတည်းက ရှိနေပြီးသားပါ။ ဒါပေမဲ့ (၁၇)နှစ်လုံးလုံး အလကား လူတစ်ယောက်လို ယောင်လည်လည် ဖြစ်နေခဲ့တာ သူ့ကိုယ်သူအလကား လူလို့ မြင်နေတဲ့အမြင်ကြောင့်ပါ။ နောက်ဆုံးမှာ ဗစ်တာအနေနဲ့
ပြောင်းလဲအောင်မြင်သွား တာဟာ တခြားကြောင့် မဟုတ်ပါဘူး။
သူ့ကိုယ်သူ ရှုမြင်တဲ့အမြင်ပုံစံပြောင်း လဲသွားလို့သာ ဖြစ်ပါ တယ်။ ဒီလိုအမြင်ပုံစံပြောင်းလိုက်တာနဲ့ သူထပ် ဆောင်းရရှိလိုက်တာကတော့မိမိကိုယ် မိမိယုံကြည် မှုသာဖြစ်ပါတယ်။
ဗစ်တာရဲ့ဘ၀ဖြစ်စဉ်လေးကို ဖတ်ရှုမိတဲ့အခါမှာ ကျွန်တော်စဉ်းစား မိပါတယ်။ ဗစ်တာ့လိုမျိုး အလကားလူ၊ အသုံးမကျတဲ့လူလို့ အပြောခံလိုက်ရလို့
သူတို့ကိုသူတို့အလကားလူလို့မြင်ပြီး အလကားလူလို လျှောက်သွားနေကြ တဲ့သူတွေ လောကမှာ ဘယ်လောက်များများရှိနေလိမ့်မလဲလို့ တွေးစရာ
ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ အတွက် အဓိကရရှိလိုက်တဲ့ သင်ခန်းစာ ကတော့ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ဟာ ဘယ်လောက် အရေးပါသလဲဆိုတာနဲ့ အဲ့ဒီအမြင် ပြောင်းလဲသွားတဲ့အခါဘ၀ရဲ့
ရလဒ်တွေလည်း ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အသိပါပဲ။
ဒီတော့သင်ရောကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ပါသလဲ။ သင့်ရဲ့အမြင်ဟာ သင့်ဘ၀အတွက် အရမ်းကို အရေးပါတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ သင့်ကိုယ်သင် မြင်တဲ့အမြင်က ထိပ်ဆုံးကိုလည်း ရောက်အောင်ပို့နိုင်သလို
အောက်ဆုံးကိုလည်း ရောက်အောင် တွန်းချနိုင်ပါတယ်။ သင့်ကိုယ်သင် အောင်မြင်သူလူသားတစ်ယောက်အဖြစ် မြင်နေ မယ်ဆိုရင်
သင်ဟာလုံးဝအောင်မြင်လာနိုင်ပါတယ်။ သင့်ကိုသင်အလကား လူလို့မြင်နေရင်လည်းသင်ဟာ အလကားလူဖြစ်လာမှာပါပဲ။ အလကားလူဆိုတဲ့ ဘ၀ကနေ ပါရမီရှင်ဘ၀အဖြစ်ကို ပြောင်းလဲပေးနိုင်ဖို့ ခြေတစ်လှမ်းသာ
လိုပါတယ်။ သင့်အမြင်ဟာ သင့်ဘ၀ပါပဲ။ သင့်အမြင်လေး တစ်ချက်ပြောင်း လိုက်တာနဲ့ သင့်ဘ၀ကလည်း လုံးဝပြောင်းသွားမှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ဟာ ကိုယ့်စိတ်အတွင်းထဲကို ပုံရိပ်တွေအဖြစ် ၀င်ရောက်ကိန်းအောင်းပြီး ခြယ်လှယ်တတ်ပါတယ်။ ဥပမာ - ပျဉ်ပြားတစ်ချပ်ကို ကြမ်းပြင်မှာချခင်းထားပြီး လမ်းလျှောက်မယ်ဆိုလွယ်ကူပေမယ့်(၁၀)ထပ် အမြင့် ရှိတဲ့ အဆောက်အဦ နှစ်ခုကြားမှာ ခင်းထားပြီး လျှောက်မယ်ဆိုရင်တော့ အတော်ခက်ခဲမယ့်ကိစ္စ ဖြစ်ပါတယ်။ တကယ်တော့လွယ်ကူတယ်၊ ခက်ခဲ တယ်ဆိုတာကိုယ်မြင်တဲ့အမြင်နဲ့ သက်ဆိုင်နေပါတယ်။
ကြမ်းပြင်ပေါ်မှာခင်းထားရင် အလွယ်တကူ လျှောက်လှမ်းနိုင်တယ် လို့မြင်တဲ့အတွက် သက်သောင့်သက်သာ လမ်းလျှောက်နိုင်တာဖြစ်ပြီး အဆောက်အဦးနှစ်ခုကြားမှာခင်းထားတဲ့ ပျဉ်ပြား ပေါ်တက်လျှောက်ဖို့ကြတော့ အခန့်မသင့်လိမ့်ကျသွားနိုင်တယ်လို့မြင်တဲ့အတွက်စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်ဝင်ပြီး ခက်ခဲသွားတာဖြစ်ပါတယ်။
ကျွန်တော့်သင်တန်းက သင်တန်းသားတွေကို စင်မြင့်ထက်မှာ စကားတက်ပြောခိုင်း တဲ့အခါ ဒီသဘာဝတွေကို အမြဲတွေ့မြင်နေကျပါ။ လူထုရှေ့ စင်မြင့်ထက်မှာစကားပြောဖို့ ဖိတ်ခေါ်ခံရတော့မယ့် သင်တန်းသား တချို့ရဲ့ရင်ထဲမှာသူတို့ အဆင်မပြေ ဖြစ်တဲ့ပုံတွေ၊ ကြောက်ဒူးတုန်ပြီး
ချွေးပြန်နေတဲ့ ပုံတွေ၊ ပြောစရာစကားတွေမေ့ပြီး ရှက်ကိုးရှက်ကန်း
ဖြစ်နေတဲ့ပုံရိပ်တွေကို မြင်ယောင်နေတတ်ကြပါတယ်။ ဒီအမြင်တွေရဲ့ ရလဒ်ဟာစင်ပေါ်ကို ရောက်တဲ့အခါပေါ်တော့တာပါပဲ။ သူတို့ကိုယ်သူတို့ ကြိုတင်မြင်ထားတဲ့အတိုင်းစင်ပေါ်မှာ တကယ်ဖြစ်လာ ကြတယ်လေ။
ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်ကို စိတ်ကအဆုံး အဖြတ်ပေးပြီး တကယ့်အရှိတရား တွေဖြစ်လာအောင်ဖန်တီးပေးတာပါ။
ကြောက်စိတ်တွေဝင်နေရင်ကြောက်တဲ့အတိုင်း တကယ်ဖြစ်လာတယ်။ စိုးရိမ်စိတ်တွေဝင်နေရင် စိုးရိမ်နေတဲ့အတိုင်း တကယ်ဖြစ်လာတတ်တယ်။ ဒီလိုပါပဲ ယုံကြည်စိတ်တွေဝင်နေရင်တော့ယုံကြည်တဲ့အတိုင်း တကယ်ဖြစ်လာမှာပဲပေါ့။ အလုပ်ခွင်မှာ အမှားတွေလုပ်မိပြီး ဆုံးရှုံးမှုတွေကြုံလာတဲ့အခါ "ဟူး၊ ဒီလိုဖြစ်မယ်လို့တော့ ငါထင်သားပဲ” ဆိုပြီး
ပြောတတ်ကြတာကို သတိထားကြည့်ပါ။ ကိုယ်ထင်မြင်နေတဲ့ အရာတွေဟာ တကယ်ဖြစ်လာမှာပဲပေါ့။
JOB seekers တို့ရေ....နောက်ထပ် ဆရာက အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်အောင် ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံများအား ဥပမာပေးဖော်ပြထားပုံများကို ဆက်လက်သိရှိလိုပါက JOB seekers Journal, Vol.3, No.34 တွင် ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်နော်................


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...