slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, May 25, 2016

အလုပ်ရှာနေရင်း အလုပ်မရှိသေးလို့ အလုပ်လက်မဲ့ဖြစ်နေပါသလား? စိတ်ဓာတ်မကျပါနဲ့


မိုးအေးအေးလေးနဲ့ စာလေးလည်းဖတ်ရင်း ဗဟုသုတတွေလည်း ရအောင်ဆိုပြီး ဆရာဖူးကျော်ဇင်ရေးထားတဲ့ ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်...
ဆရာရေးထားတဲ့ ဆောင်းပါးလေးကိုဖတ်ပြီး စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေ...

အလုပ်ရှာနေရင်း အလုပ်မရှိသေးလို့ အလုပ်လက်မဲ့ဖြစ်နေပါသလား။ စိတ်ဓာတ်မကျပါနဲ့။ အလုပ်မရှိသေးပေမယ့် အလုပ်ရှိပါတယ်။ သင်ဟာ အလုပ်လက်မဲ့ တစ်ယောက်မဟုတ်ပါဘူး။ ဘယ်တော့မှ အလုပ်လက်မဲ့ဆိုတဲ့ စကားမသုံးပါနဲ့။ အလုပ်ရှာနေဆဲ အလုပ်မရသေးတဲ့ လူတစ်ယောက်အဖို့ လုပ်ဆောင်စရာ အလုပ်ရှိပါတယ်။ ကိုယ်အ လုပ်ရသွားတဲ့အခါ လုပ်ရမယ့်အလုပ်ထက်ပိုအရေးကြီးတဲ့ အလုပ်တစ်ခုပါ။
အဲ့ဒါကတော့.......

 ကိုယ့်အတွက် လုပ်ရမယ့်အလုပ်ပင်ဖြစ်ပါတယ်။ အလုပ်ရှာသူ အများစုဟာ သူတစ်ပါးလုပ်ငန်းမှာ သူတစ်ပါးအတွက် အလုပ်တွေ လုပ်ဖို့ရည်ရွယ်ထားကြပေမယ့် ကိုယ့်အတွက် ကိုယ်လုပ်ဖို့ မေ့နေတတ်ကြပါတယ်။ သူတစ်ပါးရဲ့အလုပ်တွေမလုပ်ခင် ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံး လုပ်နေရပါမယ်။
ကိုယ့်အတွက် အလုပ်ဆိုတာ ဘာကိုပြောတာလဲ။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် အရည်အသွေးတက်လာအောင် လုပ်နေရမယ်။ တန်ဖိုးတက်လာအောင် လုပ်ရမယ်။ လုပ်ငန်းခွင်အတွက် အကောင်းဆုံး ပြင်ဆင်နေရမယ်။ အခွင့်အလမ်းလာတာနဲ့ အရယူနိုင်သူဖြစ်အောင် အဆင်သင့်ဖြစ်နေရမယ်။ ဒါတွေဟာ သေချာစီမံကိန်းချပြီး စနစ်တကျ လုပ်ဆောင်သင့်တဲ့ တကယ့်အလုပ်ကြီးအကိုင်ကြီးဖြစ်ကြောင်း ပြောပါရစေ။
လူတွေဟာ အလုပ်မရှိရင်၊ အလုပ်လက်မဲ့ဖြစ်နေရင် ဒါမှမဟုတ် အလုပ်ပြုတ်သွားရင် စိတ်ဓာတ်ကျပြီး ထိုင်မှိုင်နေတတ်ပါတယ်။ ဒီလိုအချိန်ဟာ စိတ်ဓာတ်ကျရမယ့် အချိန်မဟုတ်ပါဘူး။ စိတ်ဓာတ်တက်ကြွရမယ့် အချိန်သာဖြစ်ပါတယ်။
အလုပ်မရသေးတဲ့ကာလဟာကိုယ့်အတွက်အခွင့်အခါကောင်း တစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ဖို့အချိန်တွေရတယ်။နောက်ပိုင်းမှာရလာမယ့်အလုပ်အတွက် အဆင်သင့်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်ချိန်တွေ ရတယ်။ဘ၀တိုးတက်ရေးအတွက်ဖြည့်ဆည်း လုပ်ဆောင်ဖွယ်တွေကို လုပ်နိုင်ပါတယ်။
ဒီတော့ သင့်အလုပ်က နေ့စဉ်သင့်ရဲ့အရည်အသွေးကို မြှင့်တင်နေရမယ်။ စိတ်ခွန်အားကို ဖြည့်ရမယ်။ ဦးနှောက်ခွန်အား၊ စိတ်ဓာတ်ခွန်အားတွေကို
ဖြစ်စေတဲ့ စာတွေဖတ်ရမယ်။ အသိပညာ၊ အတတ်ပညာဆိုင်ရာ သင်တန်းတွေ တက်နိုင်ပါသေးတယ်။ ဟောပြောပွဲတွေလည်း နားထောင်ရမယ်။ လေ့လာ
သင်ယူရမယ်။ မိမိဆိုင်ရာအသက်မွေးဝမ်းကြောင်း ပညာအတွက် Professional
တစ်ယောက်လို ကျွမ်းကျင်နေအောင် လေ့ကျင့်နေပျိုးနေရမယ်။ ဒီအလုပ်တွေဟာ
သင်ရှာနေတဲ့အလုပ်တွေထက် အရေးကြီးတဲ့ ဘ၀အောင်မြင်ရေးဆိုင်ရာ အလုပ်တွေပဲဖြစ်ပါတယ်။
အလုပ်ရှာဖွေရေးဌာနတွေမှာ တန်းစီနေကြတဲ့ လူအုပ်ကြီးကိုကြည့်လိုက်ပါ။ သူတို့ထဲက အများစုဟာ ကိုယ်ရှာဖွေနေတဲ့ အလုပ်အတွက် အရည်အချင်းကို အသေအချာဖြည့်ဆည်းထားသူနည်းပါတယ်။ အရည်အသွေးမပြည့်ဝသူ၊ လုပ်ငန်းကျွမ်းကျင်မှု မရှိသူ၊ အလုပ်တစ်ခုကို ပြီးစီးအောင် မလုပ်တတ်သူ၊
စေ့စပ်သေချာမှု မရှိသူများသာ ဖြစ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြည့်အောင် မဖြည့်ကြသူတွေသာ များပါတယ်။ ကိုယ့်ဆီမှာ မပြည့်ဘဲနဲ့ အလုပ်ခွင်မှာ ဘာတွေနဲ့ ဖြည့်ကြမှာလဲ။
တချို့တွေက ဘယ်အလုပ်ကိုမှ တစ်ခုကောင်း မကျွမ်းကျင်ကြ၊ မတတ်မြောက်ကြဘဲ အလုပ်ရရင် ပြီးရောဆိုပြီး ရရာအလုပ်ကို ဖြစ်သလိုရှာဖွေတတ်ကြပါတယ်။
မပြည့်ဝတဲ့ အရည်အသွေး၊ ကျွမ်းကျင်မှုမရှိတဲ့ စွမ်းဆောင်ရည်တွေကို ပိုက်ထွေးပြီး တစ်ကမ္ဘာလုံးက အလုပ်တွေပတ်ရှာနေလည်း အချိန်ကုန် လူပန်းဖြစ်ရုံသာရှိပြီး
နောက်ဆုံးရလဒ်တော့ အလုပ်လက်မဲ့ဆိုတဲ့ရလဒ်သာ ထွက်မှာပါ။
အလုပ်ကောင်းကောင်းလိုချင်တယ်၊ အလုပ်ကောင်းကောင်း မလုပ်တတ်ဘူး။ လစာကောင်းကောင်းလိုချင်တယ်၊ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ မလုပ်တတ်ကြဘူး။ အလုပ်ကရနိုင်သမျှ ရပိုင်ခွင့်တွေကိုလိုချင်တယ်၊ ကိုယ့်ဘက်က ပေးဆပ်ဖို့ သိပ်မစဉ်းစားကြဘူး။ အသေအချာ ပြောလိုက်ပါမယ်။ ဒီလိုဖြစ်နေသရွေ့
အလုပ်အကိုင်က မြဲမှာမဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေဦးမှာပါပဲ။
“အလုပ်ဖြစ်တဲ့သူ” ကို ဘယ်လုပ်ငန်းကမဆို လိုချင်ကြပါတယ်။ “အဖြစ်လုပ်တဲ့သူ” ကတော့ ဘယ်လုပ်ငန်းမှာမှ တာရှည်မြဲနေမှာ မဟုတ်ပါဘူး။ “အလုပ်ဖြစ်တဲ့သူ” နဲ့ “ဖြစ်လုပ်တဲ့သူရဲ့” အောင်မြင် တိုးတက်မှုတွေက ကွာခြားနေမှာပါပဲ။ဘယ်အလုပ်မဆို အဖြစ်သာလုပ်ခြင်း၊ ပြီးစလွယ် ဖြစ်ကတတ်ဆန်းလုပ်ခြင်းဟာ အလုပ်လက်မဲ့ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကြီးတစ်ရပ်ဖြစ်ပါတယ်။

Credit- JOB seekers Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...